Saturday 10 January 2015

အွန်လိုင်း ငွေကြေးအရောင်းအဝယ်ကို ဘယ်လိုလုပ်ရမှာလဲ?


၁) ငွေကြေး အရောင်းအဝယ် အတွဲ၊ လဲလှယ်နှုန်းနဲ့ အခြေခံများ

    ဒီဈေးကွက်မှာ သင်ဟာ တန်ဖိုးကျနိုင်တဲ့ငွေကိုရောင်းပြီး တန်ဘိုးတက်နိုင်တဲ့ငွေကို ဝယ်ခြင်းအားဖြင့် စီးပွားရှာရမှာဖြစ်ပါတယ်၊ အဲဒီငွေကြေး ၂ခု လဲလှယ်နှုန်း ကွာခြားလာတာနဲ့အမျှ သင်ဟာ အကျိုးအမြတ် ရရှိလာမှာဖြစ်ပါတယ်၊

    သက်ဆိုင်ရာ ငွေကြေးအစုံနဲ့ ၄င်းတို့ရဲ့လဲလှယ်မှုနှုန်းကို အောက်ပါအတိုင်း ဖေါ်ပြလေ့ရှိပါတယ်။

                                     SELL / BID                            BUY / ASK

EUR/USD                     1.3366                                  1.3369

    အရှေ့ကငွေကြေး  EUR ယူရိုကို "အခြေခံငွေကြေး" Base Currency လို့ခေါ်ပြီး အနောက်ကဖေါ်ပြထားတဲ့ USD အမေရိကန်ဒေါ်လာ ငွေကြေး ကိုတော့"တွက်ချက်ထားတဲ့   ငွေကြေး" Quote Currency  လို့ခေါ်ပါတယ်။ ရောင်းတာကို SELL (သို့) BID လို့ဖေါ်ပြလေ့ရှိပြီး ဆွေးနွေးတဲ့အခါ SHORT လို့ သုံးပါတယ်၊ ဝယ်တာကိုတော့ BUY (သို့) ASK လို့ဖေါ်ပြလေ့ရှိပြီး  ဆွေးနွေး ကြတဲ့အခါ  LONG လို့လဲ သုံးလေ့ရှိပါတယ်။
SELL = BID = SHORT                         
BUY = ASK = LONG

    ဖေါ်ပြထားတဲ့ လဲလှယ်နှုန်းကတော့ အခြေခံငွေကြေး တယူနစ်မှာ တွက်ချက်ခံရတဲ့ငွေကြေး ဘယ်လောက်ရှိတယ် ဆိုတာပါဘဲ၊ ငွေကြေးအစုံတိုင်းဟာ အခြေခံငွေကြေး တယူနစ်ကို မူတည်ပြီး တွက်ချက်ဖေါ်ပြထားကြတာပါ၊ အပေါ်မှာကတော့ ၁ ယူရိုမှာ အမေရိကန် ၁.၃၃၆၆ ခန့် လဲလှယ်နှုန်း ရှိတယ်လို့ ဆိုလိုပါတယ်၊ အရောင်းနဲ့ အဝယ်နှုန်းမှာ မတူဘဲ အနည်းငယ် ၀.၀၀၀၃ ကွာခြားတာကို သတိထားမိပါလိမ့်မယ်၊ အဲဒီကွာခြားချက်က အွန်လိုင်း တိုက်ရိုက်ငွေလဲလှယ်ခပါ။ ၀.၀၀၀၁ ဖြစ်တဲ့ ၁ ပစ် pip ဟာ သင်ဝယ်တဲ့ ငွေပမာဏရဲ့ ၀.၀၁% နဲ့ ညီမျှပါတဲ့အတွက် ၀.၀၀၀၀၃ ဖြစ်တဲ့ ၃ ပစ် pip ဟာ သင်ဝယ်တဲ့ ငွေပမာဏရဲ့ ၀.၀၃% နဲ့ညီမျှမှာပါ၊

    အထက်ဥပမာအရဆိုရင် EUR ယူရို တသိန်း အွန်လိုင်းတိုက်ရိုက် ရောင်းဝယ်ဘို့အတွက် သင့်ဒေါ်လာအကောင့်မှာ ဒေါ်လာ ၁၃၄၀၀၀ တသိန်း ၃သောင်း လေးထောင်ခန့် ရှိရမှာဖြစ်ပြီး   ရောင်းဝယ်ခအဖြစ် ကွာခြားချက် ၃ ပစ် pip ၀.၀၀၀၃ ဖြစ်တဲ့ ဒေါ်လာ ၃၀ (တသိန်းရဲ့ ၀.၀၃%) ပေးရမှာဖြစ်ပါတယ်၊ တကယ်တန်းကျတော့ သင့်ဒေါ်လာ အကောင့်မှာ ဒေါ်လာ ၅၀၀ ထည့်ထားရင် သင်ဟာ EUR ယူရို တသိန်းကို အွန်လိုင်း   ရောင်းဝယ်နိုင်ပြီဖြစ်ပါတယ်၊ အဲဒါကိုLeverage "မြှင့်တင်ပေးငွေ" လို့ခေါ်ပြီး အသေးစိတ်ကို နောက်ပိုင်းမှာ ရှင်းပြပါမယ်။

    သင်တကယ်သိထားရမှာကတော့ အခြေခံငွေကြေး EUR ယူရိုကို ရောင်းခြင်ရင် SELL အောက်မှာရှိတဲ့ နှုန်း (1.3366) ကို နှိပ်ရမှာဖြစ်သလို EUR ယူရိုကိုဝယ်ခြင်ရင် BUY  အောက်မှာ ဖေါ်ပြထားတဲ့   နှုန်း (1.3369)ကို နှိပ်ရမှာဖြစ်ပါတယ်၊ အခြေခံငွေကြေးကို ရောင်းရင် သူနဲ့တွဲနေတဲ့ ငွေကြေးကို ဝယ်ပြီးသားဖြစ်သွားပြီး အခြေခံငွေကြေးကို ဝယ်ရင် သူနဲ့တွဲနေတဲ့ ငွေကြေးကို အလိုလို   ရောင်းပြီးသားဖြစ်သွားပါတယ်။ အဲဒီတော့ ကိုယ်အရောင်းအဝယ်လုပ်ခြင်တဲ့ ငွေကြေးအတွဲကို လိုက်ရှာပြီး ရောင်း (သို့) ဝယ် လုပ်ရုံပါဘဲ

၂) မာဂျင်၊ နေ့တိုး နှင့် အကျိုးအမြတ် တွက်ချက်ပုံ

Margin မာဂျင် (အနည်းဆုံး သင့်အကောင့်တွင် ကျန်ရှိရမည့်ငွေ) နှင့်  Lots size ဝယ်ယူနိုင်သည့် ပမာဏများ
    Margin မာဂျင်ငွေအဖြစ် သင်အရောင်းအဝယ်လုပ်သည့် ကုမ္ပဏီ Broker ပေါ်မူတည်ပြီး သင်ဝယ်ယူထားသည့်ငွေပမာဏ၏ ၀.၀၅% မှ ၀.၅% အထိ သင့်အကောင့်တွင် လက်ကျန်ငွေ ရှိရပါတယ်။

    Lots size ဝယ်ယူရမည့် ပမာဏများကတော့ သင်ဖွင့်တဲ့အကောင့်ပေါ်မူတည်ပြီး Micro အသေး၊ Mini အငယ် နဲ့ Standard ပုံမှန် အကောင့်တို့အတွက်အနည်းဆုံးဝယ်ယူရမယ့် ပမာဏအဖြစ် ၁၀၀၀ (တထောင်)၊ ၁၀၀၀၀ (တသောင်း) နဲ့ ၁၀၀၀၀၀ (တသိန်း) ဆီ အသီးသီး သတ်မှတ်ထားပါတယ်။

Rollover နေ့တိုး

    Leverage "မြှင့်တင်ပေးငွေ" အနေနဲ့ သင်ရောင်းဝယ်ရာမှာ ကုမ္ပဏီက ငွေများကို သင့်အတွက် စိုက်ထုတ်ပေးထားတာကြောင့် ကုမ္ပဏီရဲ့ငွေတွေကိုသုံးထားတဲ့သင့်ရဲ့ရောင်းဝယ်မှုဟာ  ဒီနေ့ကနေ နောက်နေ့ကူးသွားမယ် ဆိုရင်တော့ နေ့စဉ်ဘဏ်တိုးအဖြစ် မပြောပလောက်တဲ့ ငွေအနည်း ငယ်ပေးရပါမယ်၊   ရောင်းဝယ်မှု   နေ့မကူးဘူးဆိုရင်တော့ ပေးစရာမလိုပါဘူး။
    Leverage "မြှင့်တင်ပေးငွေ" အနေနဲ့ ကုမ္ပဏီပေါ်မူတည်ပြီး သင့်လက်ရှိငွေရဲ့ အဆ ၅၀ လောက်ကနေ အဆ ၄၀၀ လောက်ထိ မြှင့်တင်ရောင်းဝယ်ခွင့် ပေးထားပါတယ်။

အကျိုးအမြတ် တွက်ချက်ပုံ Profit calculation

    သင်ယူရို ကျမယ်ခန့်မှန်းပြီး ၁.၃၃၆၆ နှုန်းမှာရောင်းလိုက်တဲ့အတိုင်း ယူရိုငွေကြေးကျသွားပြီး သင့်ရဲ့ရောင်းဝယ်မှုကို ၁.၃၄၆၆ မှာ ရပ်လိုက်မယ်ဆိုရင် သင်ဟာ၁.၃၄၆၆-၁.၃၃၆၆ = ၀.၀၁၀၀ = ၁၀၀ ပစ် pip မြတ်သွားပြီဖြစ်ပါတယ်၊ 

    အလားတူဘဲ သင်ယူရို တက်မယ်ခန့်မှန်းပြီး ၁.၃၃၆၉ နှုန်းမှာဝယ်လိုက်တဲ့အတိုင်း ယူရိုငွေကြေးတက်သွားပြီး သင့်ရဲ့ရောင်းဝယ်မှုကို ၁.၃၄၆၉ မှာ ရပ်လိုက်မယ်ဆိုရင် သင်ဟာ ၁.၃၄၆၉-၁.၃၃၆၉ = ၀.၀၁၀၀ = ၁၀၀ ပစ် pip မြတ်သွားပြီဖြစ်ပါတယ်၊ 

    သင် ငွေကြေးတသိန်းဘိုး ဝယ်ယူထားတဲ့အတွက် တပစ် pip အတက်အကျတန်ဘိုးဟာ ဒေါ်လာ ၁၀ ရှိတဲ့အတွက် သင်ဟာ ၁၀၀ ပစ် pip x ဒေါ်လာ ၁၀ = ဒေါ်လာ တထောင် အမြတ် ရရှိသွားပြီဖြစ်ပါတယ်။ 

ရှင်းပြတာတွေ များလို့ ရှုပ်နေသလိုထင်ရပေမယ့်........ အနှစ်ချုပ်မှာတော့......
1) ဝယ်ချင်တဲ့ အတွဲကို ရွေးတတ်ဖို့ ရယ်
2) ကိုယ့်ဝယ်ချင်တဲ့ ငွေလဲလှယ်နှုန်းမှာ ခလုတ်လေးနှိပ်ပြီး ဝယ်ယူတတ်ဖို့ရယ်
3) အကြမ်းမျဉ်းအားဖြင့် တသိန်းဘိုးလောက် ဝယ်ရောင်း လုပ်ရင် တပစ် pip ကို ဒေါ်လာ ၁၀ လောက် အကျိုးအမြတ်တန်ဖိုး ရှိတယ်ဆိုတာရယ် သိထားရင် အဆင်ပြေပါပြီ။ 

    တသောင်းဘိုး ဝယ်ရောင်း --> တပစ် pip = တဒေါ်လာ ခန့်၊ တသိန်းဘိုး ဝယ်ရောင်း --> တပစ် pip = ဒေါ်လာ ၁၀ ခန်၊့ တသန်းဘိုး ဝယ်ရောင်း --> တပစ် pip = ဒေါ်လာ ၁၀၀ ခန့်

နိုင်ငံတွေရဲ့ ငွေကြေးအတက်အကျ ခန့်မှန်းရာမှာတော့.........အဓိကအားဖြင့်.......
I)  Fundamental Analysis
    အဲဒီနိုင်ငံနဲ့ သူ့ရဲ့ အဓိကကုန်သွယ်ဖက်နိုင်ငံများရဲ့ လက်ရှိ နိုင်ငံရေး၊ စီးပွားရေး အခြေအနေများအကြောင်း
II) Technical Analysis
    ကမ္ဘာကျော် သင်္ချာံပညာရှင်၊ စိတ်ပညာရှင် ကြီးများရဲ့ အတတ်ပညာတွေနဲ့ လူတွေရဲ့ လက်တွေ့အမူအကျင့် ပြုမူချက်များကို နှစ်ပေါင်းများစွာ လေ့လာပြီး   ဖေါ်ထုတ် ထားခဲ့တဲ့  သင်္ချာ၊ တိုင်းထွာနည်းပညာ ဖေါ်မြူလာတွေနဲ့ လက်ရှိငွေကြေးအတက်အကျခြေအနေတွေကို လေ့လာခြင်း
III) Sentimental Analysis
    လက်ရှိ ရောင်းဝယ်နေကြတဲ့ ငွေကြေးကုန်သည်များရဲ့ တဒင်္ဂ စိတ်ခံစားမှုအခြေအနေ ကိုလေ့လာခြင်း ဆိုပြီး ၃ ပိုင်းရှိပါတယ်

အဲဒါတွေကို အဆင့်မြင့် သင်္ခန်းစာများမှာဆက်ပြီး ဖေါ်ပြသွားပါ့မယ်.........

၃) အရောင်းအဝယ် အော်ဒါ အမျိုးအစားများ

   က) လက်ရှိပေါက်ဈေးဖြင့် ရောင်းဝယ်ခြင်း Market order
    လက်ရှိမြင်တွေ့နေရသော လဲလှယ်နှုန်းအတိုင်း ရောင်း SELL အောက်မှနှုန်း (သို့) ဝယ် BUY အောက်မှနှုန်းကို နှိပ် CLICK ကာ ဝယ်၊ရောင်း လုပ်ခြင်းဖြစ်ပါသည်။

    ခ) မိမိနှစ်သက်သည့် နှုန်းတွင် အလိုအလျှောက် အရောင်းအဝယ်ပြုလုပ်စေခြင်း
    ဝယ်၊ရောင်း ဆက်တင်ပြုလုပ်ခြင်း Limit Order 
    ဝယ်၊ရောင်း လိုသည့် နှုန်းကို ကြိုတင်တွက်ချက်ကာ ဆက်တင်  လုပ်ထားပြီး ထိုနှုန်းအရောက်တွင် အလိုအလျှောက် အရောင်းအဝယ်ပြုလုပ်စေခြင်းဖြစ်ပါသည်၊

ဒီနည်းကတော့ အချိန်မရှိသူများနဲ့ အင်တာနက်လိုင်းမကောင်းတဲ့နေရာများမှာ အထူး အသုံးဝင်လှပါတယ်။ 
    ကျေနပ်သောအမြတ် နှင့် အများဆုံးအရှုံးတို့ကို ဆက်တင်ပြုလုပ်ခြင်း Stop loss & Take profit
    ဝယ်၊ရောင်း လိုသည့် နှုန်းကို ကြိုတင်တွက်ချက်ကာ ဆက်တင် လုပ်ချိန်ချိန်တွင် တပြိုင်နက်ထဲ မိမိကျေနပ်သောအမြတ် နှင့် အများဆုံးအရှုံးတို့ကိုလဲ တွက်ချက်ကာ ဆက်တင် ပြုလုပ်ထားနိုင်ပါသည်၊ 

    ထိုသို့ပြုလုပ်ထားလျှင် ဆက်တင်လုပ်ထားသော နှုန်းအရောက်တွင် စက်ကဝယ်ယူထားပေးပြီး လဲလှယ်နှုန်းထပ်မံပြောင်းလဲမှု အရ မိမိကျေနပ်သောအမြတ်သို့ရောက်လျှင် (သို့) အများဆုံးကျေနပ်သောအရှုံးသို့  ရောက်လျှင် သူ့အလိုအလျှောက် အရောင်းအဝယ်ရပ်သွားမည် ဖြစ်ပါသည်။

    ဂ) ဆက်တင်တခု ဝယ်ရောင်းချိန်တွင် အခြားဆက်တင်တခုအား အလိုအလျှောက် ပျက်ပြယ်စေခြင်း   One-Cancels-the-Other (OCO)
    သင့်အနေဖြင့် လဲလှယ်နှုန်း တက်မည်၊ ကျမည်ကို မခန့်မှန်းနိုင်ခဲ့လျှင် ဆန့်ကျင်ဘက် ဆက်တင် ၂ ခုပြုလုပ်ထားပြီး ဆက်တင်တခုအား စက်မှ အလိုအလျှောက် ဝယ်ရောင်း လုပ်ချိန်တွင် အခြားဆက်တင်တခုအား အလိုအလျှောက် ပယ်ဖျက်ပေးသောနည်း ဖြစ်ပါသည်၊ သင်အနားတွင် ရှိနေစရာ မလိုအပ်ပါ။

    ဒီနည်းကိုတော့ အရေးကြီးသော သတင်းများ ထွက်ပေါ်ခါနီးတွင် အသုံးပြုလေ့ရှိပါသည်၊ ငွေလဲလှယ်နှုန်းအတက်အကျမှာ ထွက်လာမည့်သတင်းပေါ်လုံးဝမူတည်နေမယ်ဆိုရင် သင် မခန့်မှန်း နိုင်တဲ့အခါ အသုံးဝင်လှပါတယ်။

    အခြားသော နည်းလမ်းများ Trailing Stop, One-Triggers-the-Other, Good for the Day (GFD), Good 'Till Cancelled (GTC) စသည်ဖြင့်ရှိနေသေး သော်လည်း အသုံးဝင်မှု နည်းပါးသည်ဟု ယူဆသောကြောင့် မဖေါ်ပြတော့ပါ။

၎) လေ့ကျင်!့  လေ့ကျင်!့  လေ့ကျင့်!

    အွန်လိုင်း ငွေကြေး အရောင်းအဝယ် လုပ်ငန်းကို သင်တန်းတက်ပြီးဖြစ်စေ၊ မိမိဘာသာလေ့လာပြီးဖြစ်စေ ပြည်စုံစွာလေ့လာပြီးရင်တော့ သင်ပထမဆုံးလုပ်ရမယ့် အလုပ်က စနစ်တကျ စီမံကိန်း ရေးဆွဲပြီး တကယ့်အချိန်နဲ့အမျှ အတက်အကျဖြစ်ပေါ်နေတဲ့ ငွေကြေးဈေးကွက် ထဲမှာ တကယ်သင့်ရဲ့ငွေ အကုန်အကျမရှိသေးဘဲ မိမိကိုယ်ယုံကြည်မှု ရှိလာသည်အထိ အချိန်ယူကာ လေ့ကျင့်သွားဘို့ဖြစ်ပါတယ်။

    လူတယောက်နဲ့တယောက်ဟာ စိတ်နေစိတ်ထား၊ စိတ်ရှည်မှု၊ စွန့်စားလိုမှု၊ အကျိုးအမြတ်ရလိုမှု၊ အဆုံးရှုံးခံနိုင်မှု၊ အချိန်ပေးနိုင်မှု စတာတွေ ဘယ်လိုမှ မတူညီနိုင်တဲ့ အတွက် မိမိကိုယ်တိုင်တည်ဆောက်ပြီးဖြစ်စေ၊ တခြားသူတည်ဆောက်ထားတာကိုဖြစ်စေ အဲဒီရောင်း၊ဝယ်ရေး ဖေါ်မြူလာတွေကို တကယ့်ဈေးကွက်ထဲမှာ အကုန်အကျမရှိဘဲ လေ့ကျင့်ပြီး မိမိနဲ့အသင့်တော်ဆုံး ရောင်းဝယ်ရေးနည်းလမ်းကို အတည်ပြု ရယူသွားရမှာ ဖြစ်ပါတယ်၊ ၃ လခန့်လေ့ကျင့်ဘို့ အကြံပြုပါတယ်။

    တခြားအကြံပြုချင်တာတခုကတော့ ဒီလုပ်ငန်းဟာ သင့်ရဲ့ ဘဝတာနေထိုင်မှုကို တာဝန်ယူသွားနိုင်သလို စနစ်တကျနဲ့ အချိန်ယူရောင်းဝယ်ပြီး လူချမ်းသာတယောက်လဲ ဖြစ်စေနိုင်ပါတယ်၊ ဒါပေမယ့် လောဘကြီးမယ်ဆိုရင်တော့ ကုန်သွယ်ခြင်းကိုလုပ်နေတဲ့ တကယ့်ငွေကြေးကုန်သည်တယောက်နဲ့ မတူတော့ဘဲ လောင်းကစားလုပ်တာနဲ့ တူသွားနိုင်တာပါပဲ။ 
ဒါကြောင့် ကုန်သည်တယောက်ရဲ့အမူအကျင့်တွေနဲ့ ကုန်သည်တယောက်ရဲ့ စိတ်မျိုးထားပြီး ငွေကြေးကုန်သည်တယောက် ဖြစ်လာအောင် မိမိကိုယ်ကို ပျိုးထောင်ဘို့ အကြံပေးပါရစေ…
 
 
ကိုဗွီနိုင် ဘလော့(ဂ်)မှ ကူးယူဖော်ပြပါသည်။
http://myanmarforextradingeducation.com<<<Thank's

No comments:

Post a Comment